Monday, April 28, 2008


“ တက်ချိန် နှင့် ကျချိန် “

ဗျိုင်းညီနောင် အတောင်ကဖွေးဖွေး ။

ကမ်းစပ်ကိုကြဉ် ၊ ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့

ချောင်းအောင်ခွင် ပင်လယ်ဝမှာ ၊ ဒီကြွတယ်လေး

ကဏန်းမ ရွံ့စိုစို တစ်ကိုယ်လုံး နီထွေး ။

တွင်းဝလဟာပြင်က ၊ ခရာတွယ်ကာတက်လေပေါ့

တောင်ဘက်ခွင်ပင်လယ်စွန်းမှာ ၊ ဒီတွန်းပြီလေး

ပုစဉ်းကောင် ၊ အတောင်ကငွေမှေး

ကမ်းစပ်ကျူတစ်ရုံက ၊ သူမလုံ သူခုန်ထွက်လေပေါ့

ဒီတက်ပြီလေး ။

ဒီတက်ချိန်တန် မ၀န်လာပေါ့ဗေဒါပန်း

ကျူရိုးရှင် ကျူတံတီး ၊ ဆီးကြိုလို့လွမ်း ။

ဗျိုင်းညီနောင် အတောင်ကဖွေးဖွေး ။

ကမ်းစပ်မှာငိုင် သူ့လည်တိုင်စွေတစောင်းနဲ့

ရေတံငါ အစာချောင်းပြန်ပေါ့ ၊ ဒီညောင်းပြီလေး ။

ကဏန်းမ ရွံ့စိုစို တစ်ကိုယ်လုံး နီထွေး ။

လက်မတထောင်ထောင်နဲ့ ၊ တွင်းပေါင်မှာမင်းယောင်ခင်းပြန်ပေါ့

စီးဆင်းပြီလေး ။

ပုစဉ်းကောင် ၊ အတောင်ကငွေမှေး

ကျူရုံမှာ သူလှုံခံပြန်ပေါ့ ၊ ဒီကျပြီလေး ။

ဒီကျချိန်တန် ၊ ခုန်ပြန်ပေါ့ ဗေဒါပန်း ။

ကျူရိုးရှင် ကျူပင်ရွက်နဲ့ ၊ ခွန်းဆက်လို့လွမ်း ။ ။

( ဆရာ ဇော်ဂျီ )

No comments: